(၂၆) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲအတွက် ပတ္တမြား FM မှ တီရှပ်များ လှူဒါန်း

Published: Oct 12


လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်မည့် မျက်မမြင်ကျောင်း များသို့ ပတ္တမြား FM မှ ငွေကျပ် (၂၈)သိန်း တန်ဘိုးရှိတဲ့ တီရှပ်(၁၇၀၀) ကို လှူဒါန်းသွားမှာဖြစ်ပြီး အဆိုပါနေ့တွင် ပတ္တမြား FM မိသားစုမှလည်း မျက်မမြင်များနှင့်အတူ ပါဝင်ကူညီလမ်းလျှောက်ပေးသွားမှာဖြစ်ပါတယ်။  နှစ်စဉ် လှူဒါန်းနေကျအတိုင်း တစ်နိုင်ငံလုံးရှိ မျက်မမြင်ကျောင်းများသို့ တီရှပ်များ လှူဒါန်းရာတွင် ဒီကနေ့မှာ ရန်ကုန်မြို့ရှိ ခဝဲခြံမျက်မမြင်ကျောင်း ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း ၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းနှင့် စိန်မေရီ မျက်မမြင်အလုပ်ရုံ ၊ သင်္ဃန်းကျွန်း မသန်စွမ်း (မျက်မမြင်)လူမှုဖွံ့ဖြိုးရေးအသင်း ၊ လှိုင်သာယာစုပေါင်းအားမာန် မျက်မမြင်ကျောင်းနှင့် မျက်မမြင်အကြောပြင် ပညာဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းများသို့ ပတ္တမြား FM မိသားစုမှ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ပတ္တမြား FM မိသားစုမှ နှစ်စဉ် လာရောက်လှူဒါန်းခြင်းကြောင့် ဝမ်းသာကြည်နူးရကြောင်းကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာက အခုလိုပြောပါတယ်။

(Clip)----Daw Su Su Mar (0:39s)  (ကျွန်မတို့ကို ဒီပတ္တမြား FM မှ တာဝန်ယူပြီးတော့ ဒီဝတ်စုံလေးတွေကို လှူဒါန်းပေးတဲ့ အတွက်ကြောင့် ကျွန်မတို့အများကြီးဝမ်းသာတယ်…ကျေးဇူးလဲတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဒီလို လမ်းလျှောက် ပွဲဆိုရင် သူတို့ရဲ့ တူညီဝတ်စုံတွေအတွက် စီစဉ်ဖို့အတွက် မပူပင်ရတော့ဘူးပေါ့နော်။ ဒီအတွက် အမြဲတမ်း ပင်တိုင်အလှူရှင် တယ်ဆိုတော့။ နောက်ပြီးတော့ ဒီတူညီဝတ်လေးတွေဝတ်ခြင်းအားဖြင့်  ကလေးတွေလဲ တစ်ယောက်နဲ့ တစ်ယောက် မပြောက်တော့ဘူးပေါ့နော်။ နောက်ပြီးတော့ သူတို့ကို အားပေးကူညီနေတဲ့ အဖွဲ့အစည်းရှိနေတဲ့အတွက် သူတို့အတွက်လည်း အားတက်တယ်ပေါ့နော်။ အဲ့အတွက်ကြောင့် ကျွန်မတို့ကို အမြဲတမ်းနှစ်စဉ် လှူဒါန်းနေတဲ့ ပတ္တမြား FM ကို ကျေးဇူးတင်ပါတယ်ရှင်……..)

နှစ်စဉ် ကျင်းပနေကြဖြစ်တဲ့ အဆိုပါ မျက်မမြင်လမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၅ ရက် နံနက်တွင် ရန်ကုန်မြို့တော်ခန်းမ ရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

(PDM News-TTK)