မြန်မာနိုင်ငံရှိဆင်များ၂ဝ၃၅ ခုနှစ်တွင် မျိုးသုဉ်းသွားနိုင်

Published: Aug 13


ကမ္ဘာ့ပညာရှင်များ တွက်ချက်ပုံအရ မြန်မာ နိုင်ငံရှိ ဆင်များ ၂ဝ၃၅ ခုနှစ်တွင်မျိုးသုဉ်းသွား နိုင်ကြောင်း ရန်ကုန်မြို့ တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)ရှိ သဘာဝပြတိုက်၌ ကျင်းပသော ကမ္ဘာ့ဆင်များနေ့ (World Elephant Day) အထိမ်းအမှတ်အခမ်းအနားနှင့် ဆင်များ အကြောင်းဟောပြောပွဲတွင် Htoo Zoo & Gardent Business Unit မှGeneral Manager ဦးကြည်စိုးလွင်က ပြောသည်။''အရင်တုန်းက အစွယ်ကို အဓိကထား ယူတော့ ဆင်ထီးတွေကိုပဲ သတ်ကြတယ်။ အာရှဆင်အမျိုးအစားမှာ ဆင်အမက အစွယ် မပေါက်ဘူးလေ။ အခုနောက်ပိုင်းကျတော့ အမတွေကိုပါ သတ်လာတယ်။ အရေခွံတွေ ရောင်းလို့ရလာလို့ပါ။ အဲဒီအရေခွံတွေကို အဆောင်အဖြစ်နဲ့ စီရင်အသုံးပြုကြတယ်။ ဆင်တစ်ကောင်သတ်ရင် သူခိုးဈေးနဲ့ သိန်း တစ်ရာကျော်လောက်ရတယ်။ မြန်မာနိုင်ငံမှာ ဆင်အသတ်ခံရတာတွေက ပိုပိုဆိုးလာတယ်။အဲဒီအတွက် ဆင်တွေကို မျိုးသုဉ်းမသွားအောင် ထိမ်းသိန်းကာကွယ်စောင့်ရှောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အသိပညာဟောပြောပွဲလုပ် တာပါ''ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်များရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးရှိကြောင်း၊ ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ တောဆင်နှင့် လူပဋိပက္ခဖြစ်ခြင်း၊ ဆင်များ အမဲလိုက်ခံရခြင်းတို့ကြောင့် စုစုပေါင်း ဆင် ၁၃၃ ကောင် သေဆုံးရကြောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ၁၂ ကောင်အထိ စံချိန်တင်သေဆုံးကြောင်း သိရ သည်။

မြန်မာ့အလင်း