တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲဝင်မီးပုံး ယခင်နှစ်ကထက်ပိုများ

Published: Oct 12


ယခုနှစ်ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မီးပုံးပျံအရေအတွက်ဟာ ယခင်နှစ် ကထက် များပြားနေတယ်လို့ မီးပုံးပျံပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီကနေ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တုန်းက ကျင်းပ တဲ့ မီးပုံးပျံပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ မီးပုံးတွေအနေနဲ့ ညမီးကြီး အလုံး ၈၀ ၊ စိန်နားပန် ၃၆ လုံး ၊ နေ့လွှတ်အရုပ် ၂၀၇ လုံး ရှိခဲ့ပြီး အခု ၂၀၁၇ ခုနှစ်မှာ ပြိုင်ပွဲဝင်ဖို့ လာရောက်စာရင်းပေးသွင်းထားကြတဲ့ မီးပုံးပျံအလုံးရေဟာ ညမီးကြီး ၈၅ လုံး ၊ စိန်နားပန် ၃၅ လုံး ရှိတယ်လို့ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်။ ပြိုင်ပွဲဝင်မယ့်မီးပုံးပျံတွေ စာရင်းပေးသွင်းမှုကိုတော့ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့ မှာ ပိတ်မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရဲတပ်ဖွဲ့ လုံခြုံရေးကို ခါတိုင်းနှစ်ထက်ပိုမိုချထားပြီး မီးသတ်ဝန်ထမ်းတွေလည်းပိုမိုချထားကြောင်း ၊ တပ်မတော်ကလည်း လုံခြုံရေးယူပေးမှာဖြစ်ကြောင်း သိရပါတယ်။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိ ကျင်းပတော့မှာဖြစ်ပါတယ်။
 

(Popular News)