တောင်ကိုရီးယားဘက်သို့ ထွက်ပြေးတဲ့ စစ်သားကို မြောက်ကိုရီးယားစစ်တပ်က သေနတ်ဖြင့် အချက် ၄၀ ပစ်ခတ်

Published: Nov 15


မြောက်ကိုရီးယား နိုင်ငံကနေ တောင်ကိုရီးယားဘက်သို့ အစောင့်အကြပ် ထူထပ်စွာချထားတဲ့ စစ်မဲ့ဇုန်ကို ဖြတ်သန်းကာ ထွက်ပြေးသွားတဲ့ စစ်သားတစ်ဦးကို မြောက်ကိုရီးယား စစ်တပ်က သေနတ်ဖြင့် အချက် ၄၀ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယာဘက်သို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားဟာ ၅ ကြိမ်ထက်မနည်း သေနတ်ထိမှန်ခံခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အဆိုပါ စစ်သားဟာ နှစ်နိုင်ငံ လုံခြုံရေးစောင့်ကြပ်နေတဲ့ ပန်မွန်ဂျုံကျေးရွာရှိ Joint Security Area (JSA) ရဲ့ တောင်ကိုရီးယားဘက်အခြမ်းကို (နိုဝင်ဘာ ၁၃ ရက်) က ဖြတ်ကျော်ဝင်ရောက် လာခဲ့ပါတယ်။ မြောက်ကိုရီးယား စစ်သားက JSA အနီးကို ကားမောင်းနှင် လာခဲ့ပေမဲ့ ကားဘီးချို့ယွင်း သွားမှုကြောင့် တောင်ကိုရီးယားဘက်ကို ခြေလျင်ခရီးနှင် ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားစစ်တပ်က ၎င်းကို လိုက်လံပစ်ခတ်ခဲ့ပေမဲ့ တောင်ကိုရီးယား ဘက်ကို ရောက်ရှိလာခဲ့ပြီး သစ်ရွက်သစ်ခက်တွေအောက်မှာ တောင်ကိုရီးယားစစ်တပ်က တွေ့ရှိခဲ့ပါတယ်။ မြောက်ကိုရီးယား ကနေ တောင်ကိုရီးယားဘက်သို့ နှစ်စဉ် လူ ၁,၀၀၀ ခန့် ထွက်ပြေးခိုလှုံနေကြပေမဲ့ အစောင့်အကြပ်ထူထပ်တဲ့ စစ်မဲ့ဇုန်နေရာမှ တစ်ဆင့် ဖြတ်သန်းလေ့မရှိဘူးလို့ ဆိုပါတယ်။ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယား ၃၀,၀၀၀ ကျော် တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဟာ စစ်မက်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ အပစ်အခတ် ရပ်စဲကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ တရားဝင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးတာကြောင့် သတ်မှတ်ချက်တွေအရ စစ်ဖြစ်နေဆဲလို့ ဆိုနိုင်ကြောင်း သိရပါတယ်။

Duwun