အမေရိကန်-တောင်ကိုရီးယား ဗုံးကြဲလေယာဉ်ဖြင့် စစ်ရေးလေ့ကျင့်မှု ထိန်းထိန်းသိမ်းသိမ်းရှိရန် တရုတ်ပြော

Published: Dec 07


အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် B1B ဗုံးကြဲလေယာဉ်ပါဝင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ တရုတ်အစိုးရက တိုက်တွန်းသွားပါတယ်။ ပုံမှန်ပြုလုပ်နေကြ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ဗုံးကြဲလေယာဉ် ပါဝင်လေ့ကျင့်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရွှန်းက အဲဒီလို တိုက်တွန်းသွားတာ ဖြစ်ပါတယ်။ နျူကလီးယား စစ်ပွဲကို တွန်းပို့နေတဲ့ လုပ်ရပ်ဆိုပြီး မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အခု ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် F-22 တိုက်လေယာဉ်၊ F-35 ရေဒါပျောက် တိုက်လေယာဉ်တွေနဲ့အတူ B1B ဗုံးကြဲလေယာဉ်ဟာလည်း ပါဝင်လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားရဲ့ အဆင့်အမြင့်ဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့အပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှု မြင့်တက်နေစဉ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

DVB