ရှမ်းအသင်း၏ အာရှပြိုင်ပွဲ အိမ်ကွင်းပွဲများ သုဝဏ္ဏကွင်း၌ လက်ခံယှဉ်ပြိုင်မည်

Published: Nov 14


မြန်မာလိဂ်ချန်ပီယံ ရှမ်း ယူနိုက်တက်သည် လာမည့်ရာသီတွင် အာရှအဆင့် ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်ရာ၌ အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကိုသာ အသုံးပြုမည်ဖြစ်ကြောင်း အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ရှမ်းအသင်းသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သဖြင့် ၂၀၁၈ အာရှကလပ်ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ ထားသည်။ ယင်းပြိုင်ပွဲအတွက် ရှမ်းပြည်နယ်ရှိ ပြည်နယ်အားကစားကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုရန် စီစဉ်သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် သုဝဏ္ဏကွင်းကိုသာ အိမ်ကွင်းအဖြစ် အသုံးပြုရ မည်ဟု ရှမ်းအသင်းတာဝန်ရှိသူက ဆိုသည်။ ရှမ်းယူနိုက်တက်သည် ပြီးခဲ့သည့် ၂၀၁၇ မြန်မာလိဂ်အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့တွင် အနိုင်ရဗိုလ်စွဲခဲ့သည်။ ရှမ်းယူနိုက်တက်သည် အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲ အဆင့်မှ ထွက်ရပါက အေအက်ဖ်စီဖလားပြိုင်ပွဲတွင် အုပ်စုအဆင့် မှ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

(7Day)