ဘရာဇီးဖော်မြူလာဝမ်း ကားပြိုင်ပွဲတွင် မာစီးဒီးအသင်းဝင်များ သေနတ်ထောက် ဓားပြတိုက်ခံရ

Published: Nov 14


ဘရာဇီးနိုင်ငံ ဆောပေါလိုမြို့တွင် Formula One ပြိုင်ကားပြိုင်ပွဲဝင်မည့် မာစီးဒီးအသင်းဝင်များလိုက်ပါလာသည့် မီနီဗင်ကား ကို ပြိုင်ကွင်းအနီး ယာဉ်ကြောပိတ်နေစဉ် သေနတ်ထောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဖွဲ့သားများထဲတွင် မာစီးဒီးအသင်းမှ ချန်ပီယံကားမောင်းသမား လူးဝစ်ဟာမီတန် မပါဝင်ခဲ့ကြောင်း သိရသည်။ ဓားပြတိုက်မှုကြောင့် ဒဏ်ရာ ရရှိ သူမရှိသော်လည်း တန်ဖိုးရှိသည့် ပစ္စည်းများပါသွားကြောင်း သိရသည်။ ဓားပြတိုက်သူများသည် သေနတ်များပါ ခြောက်လှန့် ပစ်ခတ်ခဲ့ကြကြောင်းဖြင့် ဟာမီတန်က သူ၏ တွစ်တာအကောင့်တွင် ရေးသားထားသည်။ ''ဘရာဇီး Formula One ပြိုင်ပွဲမှာ နှစ်တိုင်းဒီလိုပဲ ဓားပြတိုက်မှုတွေဖြစ်ဖြစ်နေတာ၊ Formula One ကျင်းပရေးတာဝန်ရှိသူတွေအနေနဲ့ တစ်ခုခုလုပ်သင့်နေပါပြီ'' ဟု ဟာမီတန်က ရေးသား ထားသည်။ Formula One ကားပြိုင်ပွဲ အုပ်ချုပ်ရေးအဖွဲ့  FIA မှ ပြောရေးဆိုခွင့်ရှိသူ မက်တီယို ဘွန်စီနီကလည်း ကားပြိုင်ကွင်းမှအထွက် ယာဉ်ကြောကျပ်နေစဉ် သေနတ်ကိုင်ထားသော လူတစ်စုက ကားနားကပ်လာကာ လုယက်ဓားပြတိုက်ဖို့ ကြိုးစားမှုနှင့် ကြုံခဲ့ရဖူးကြောင်း၊ ကားမှန်ကို ကျည်ကာမှန်များပြောင်းတပ်ထားသောကြောင့်သာ ဓားပြ များသည် ကားမှန်ကို ခွဲမရဘဲ လက်လျော့ကာထွက်သွားခဲ့ကြောင်းဖြင့် ပြောဆိုသည်။ ဆော်ပေါလို ရဲတပ်ဖွဲ့ကမူ ဓားပြ တိုက်မှုနှင့်ပတ်သက်ပြီး တိုင်ကြားချက် တစ်စုံတစ်ရာ မရသေးဟု ဆိုထားကြောင်း သိရသည်။

#မြန်မာတိုင်းမ်