ပုဂ္ဂလိက မြေပဲဆီ၊ နှမ်းဆီစက် ၉၀ ရာခိုင်နှုန်း ပိတ်သိမ်းသွားဟုဆို

Published: Aug 12


စားသုံးဆီဈေးကွက်အတွင်း ရောနှောဆီများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိ၍ မြေပဲ နှင့် နှမ်းဆီဈေးကွက် ဝေစုနည်းလာ သဖြင့် ပုဂ္ဂလိကဆီစက် သုံးထောင်ကျော်၏ ၉၀ ရာခိုင်နှုန်း ပိတ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။ ယခုနှစ်တွင် မြေပဲဆီစက် သုံးရာခန့်သာ ကျန်ရှိပြီး မြေပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ ဖြင့် ရောင်းချချိန်၌ ရောနှောဆီ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းနေခြင်းကြောင့် မြေပဲဆီသည် ရောနှောဆီကို မယှဉ် နိုင်ကြောင်းဦးခင်စိုးက ဆက်လက်ပြောကြားသည်။ ဈေးကွက်အတွင်းရှိ ကျန်းမာရေးနှင့် မညီညွတ်သော ရောနှောဆီများနှင့် ဓာတုအနံ့ဆီများကို ဖမ်းဆီးအရေးယူနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပါက လက်ကျန်ဆီစက်များပါ ပိတ်သိမ်းသွားနိုင်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။ ဈေးကွက်ထဲတွင် တစ်ပိဿာ လျှင် ကျပ် ၁,၇၀၀ တန် စားအုန်းဆီကို မြေပဲဆီအနံ့သွင်းပြီး တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းချနေ၍ မြေပဲဆီထုတ် လုပ်သူများ ရောင်းအား ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။ အင်းစိန်မြို့နယ်၌ နေထိုင်သော အိမ်ထောင်ရှင်မ တစ်ဦး၏ ပြောပြချက်အရ မြေပဲဆီအစစ်များ တံဆိပ်တပ်၍ ရောင်းချရာ ဧရာဝတီမြေပဲဆီ သည် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၅,၄၀၀ နှင့် အမေထွားမြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ ဖြင့် ဝယ်ယူ စားသုံးနေရကြောင်း 7Daydaily မှ သိရသည်။

(7Day)